ရိုနယ်ဒို တစ်ယောက် ဂျုဗင်တပ်မှာပဲ ဆက်ရှိလိမ့်မယ်လို့ အတည်ပြုလိုက်တဲ့ ပါဗယ်လ် နတ်ဒ်ဗက်

စီးရ‌ီးအေ ကလပ် ဂျုဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ ခရစ္စတီရာနို ရိုနယ်ဒို အနေနဲ့ ရာသီသစ် မစတင်ခင်မှာ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဘောလုံး ပရိသတ်တွေအကြားမှာ ရေပန်းစားနေပေမယ့်လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ပါဗယ်လ် နတ်ဒ်ဗက် ကတော့ ရိုနယ်ဒို အနေနဲ့ အသင်းမှာ ဆက်ရှိနေမာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဖြစ်သူ ရိုနယ်ဒို နဲ့ ဂျုဗင်တပ် အသင်းကြား ချုပ်‌ဆိုထားတဲ့ လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်ဟာဆိုရင်လည်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ရိုနယ်ဒို ရဲ့ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် အပြင် ပီအက်စ်ဂျီ လို အသင်းကြီးတွေကပါ ရိုနယ်ဒိုကို ခေါ်ယူဖို့ရာ အတွက် စိတ်ဝင်စားလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ရိုနယ်ဒို အနေနဲ့ အသက်အရွယ်ပိုင်းအရ ၃၆ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အရ အတော်လေး ကောင်းမွန်နေပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီမှာဆိုရင် စီးရီးအေ သွင်းဂိုးပေါင်း ၂၉ ဂိုး သွင်းယူနိုင်ခဲ့ကာ ရာသီတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ပါဗယ်လ် နတ်ဒ်ဗက် က “ ရိုနယ်ဒို အနေနဲ့ တနင်္လာနေ့မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းပါလိမ့်မယ်။ သူ ကျွန်တော်တို့နဲ့ အတူ ဆက်ရှိနေပါလိမ့်မယ် ” လို့ စနေနေ့က ကစားခဲ့တဲ့ ဆီစီနာ အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*